တမ်းခြင်းမမည်တဲ့ အိမ်မက်

 

မမက်တာကြာတဲ့ အိမ်မက်တစ်ခုကို ကာလအတန်ကြာမှ မက်ခဲ့ပြန်သည်။ သူ ပါလာပြန်ပြီ။ ဒီတစ်ခါတော့ သူ ကိုယ့်ကို သတိထားမိဟန်တူသည်။ သူ့အကြည့်တွေက ကိုယ့်ဆီမှာလေ။ အပြင်မှာတော့ ထိုသို့မဟုတ်ခဲ့။ ဒါဟာ သိစိတ်မှာ ကိုယ်ဖြစ်စေချင်ခဲ့တဲ့ ပုံစံ။ သူ့ဘက်က ကိုယ့်ကို ဂရုပြုမိစေချင်ခဲ့သည်။ အပြင်မှာ မျက်နှာချင်းတောင် ဆိုင်ဖို့ ကိုယ့်မှာ မဝံ့မရဲ။ ရင်ခုန်မှုက အတိုင်းအဆမရှိစွာ ကဆုန်ပေါက်နေသည်မဟုတ်လား။ 


သူဟာ ကိုယ့်အတွက် အမှတ်တရကောင်းတွေရှိတဲ့ အတိတ် အနည်းစုထဲက လွမ်းဆွတ်မှုလေး‌တစ်ခု။ ထပ်ခါထပ်ခါ ပြန်တွေးရင်တောင် ကြည်နူးမှုက ဆယ်နှစ်‌‌ကျာ်ကြာသည့်တိုင် ပျောက်ပျက်မသွား။ အချစ်ဦးမမည်တဲ့ ကိုယ့်အတွက် နာမလေးတစ်ခုက ယနေ့ထက်တိုင် အမှတ်တရအဖြစ် နေရာယူထားဆဲ။ ရင်ခုန်မိတတ်စအရွယ်က အဖြစ်အပျက်လေးက ပြန်လည်တွေးမိတိုင်း မနေ့တစ်‌နေ့ကလို။ 


ပညာရှာရင်း ကြင်ယာရှာခဲ့တာ မဟုတ်သည့်တိုင် သူ့ကိုမြင်ခဲ့ရတဲ့ နေ့ရက်တွေက ကိုယ့်အတွက် ငြီးငွေ့စရာ ဘာသာရပ်အချိန်တွေကိုတောင် ပျင်းစရာလို့ မထင်စေခဲ့ဘူး။ ကန္တာရထဲက အိုအေစစ်လေးပေါ့။ ဘယ်အချိန်ပဲ မြင်လိုက်ရ မြင်လိုက်ရ ဝဲ ရင်ဘတ်မှာ လှုပ်ခါမှုက တစ်မိနစ် ၁၂၀ ကျော်မည်ထင်ရဲ့။ ဒါဟာမူမမှန်မှုပေါ့။

ရင်မဆိုင်ရဲလို့ ရှောင်ကွင်းခဲ့ရတဲ့အချိန်တွေ ၊ ကိုယ့်နာမည်ကို သူ့အရှေ့မှာ မခေါ်စေချင်ခဲ့တဲ့အချိန်တွေ ၊ နောက်ကျောလေးပဲ မြင်ရတာတောင် ပျောက်ကွယ်သွားတဲ့အထိ ငေးမောကြည့်မိတဲ့အချိန်တွေ နောက် သူ့အပါးမှာ ကိုယ်တစေရှိချင်မိတဲ့အချိန်တွေဟာ ဆယ်ကျော်သက် အိမ်မက်မှာ အကြီးအကျယ် နေရာယူခဲ့တာကိုး။ ယခုဆို ကိုယ်က နှစ်ဆယ်ကျော်လို့ သုံးဆယ်ပင် ပြည့်တော့မည်။ ဘာ့ကြောင့် ဆယ်ကျော်သက်အိမ်မက်တွေမှာ ပိတ်မိနေဆဲ ရှိနေသေးတာလဲ။ ပိတ်မိချင်နေခဲ့တာလဲ။ ရုန်းထွက်ဖို့မကြိုးစားချင်ခဲ့တာ သေချာတယ်။ သူနဲ့အတူရှိခဲ့တဲ့ အဲ့ဒီနှစ်တွေက ကိုယ့်အတွက် ပထမဆုံးသော အရာတွေပဲ ရရှိစေခဲ့တာမဟုတ်လား။


ကိုယ်တို့မ‌တွေ့ဖြစ်ကြတာ ဆယ်နှစ်နီးပါးရှိပြီ။ သို့တိုင် သူဟာ ကိုယ့်အိမ်မက်တွေမှာ ပါလာစမြဲ။ အပြင်မှာမရင်းနှီးခဲ့ကြတဲ့ သူနဲ့ကိုယ်ဟာ အိမ်မက်ထဲလဲ မသိခဲ့ကြတာ မရေမတွက်နိုင်။ အခုမက်တဲ့ အိမ်မက်မတိုင်ခင်အထိ သူကိုယ့်ကို သတိထားမိတယ်လို့ ကိုယ်မမြင်မက်ခဲ့ရဘူးမဟုတ်လား။ ခေါင်းထဲဝင်လာတာ သူ အဆင်ပြေရဲ့လား။ သူ ကျန်းမာရဲ့လား။ သူ့ သက်ဆိုင်သူကကော သူ့အပေါ်နွေးထွေးရဲ့လား။ ကြင်နာရဲ့လား။ ဂရုစိုက်ရဲ့လား။ နိုးလာတဲ့ မနက်ခင်းဟာ နောက်ကျိစရာအတိ။ သူ ကိုယ့်ကို သတိမထားမိခဲ့ရင် အကောင်းသားလား။ သတိထားမိလို့ ကြည်နူးရတာထက် သူ့ကို ပိုစိတ်ပူနေတယ်ဆိုရင် ကိုယ့်အလွန်ပေပဲပေါ့။သူဟာ ကိုယ့်အတွက် ဘယ်တုန်းကမှ ဆိုင်သူကော ပိုင်သူကော မဟုတ်ခဲ့ဘူးမလား။ ကိုယ်သာ တစ်ဖက်ထဲသတ်တဲ့အတွေးနဲ့ ဆိုင်သူ ပိုင်သူဖြစ်ချင်နေခဲ့တာလေ။

 

ဪ ကိုယ့်အဖြစ်က ရယ်စရာတော့အကောင်းသား။ ကိုယ့်ဖြစ်တည်မှုကို ရှိတယ်လို့ ထင်ခဲ့ရဲ့လားတောင်မသိတဲ့ သူနဲ့ စိတ်ခြင်းဆက်နေတယ်လို့ အရူးတစ်‌ယာက်လို ယုံနေသည်တဲ့လေ။ တိုက်ဆိုင်တာပဲပြောရမလားမဆိုနိုင်။ သူ့ကို အိမ်မက်ထဲမြင်မက်ပြီးရင် သူဖျားနေကြောင်း ဒါမှမဟုတ် သူ အဆင်မပြေကြောင်း တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ ကိုယ်သိခဲ့ရတာကြည့်ပင်။


ကိုယ် သူနဲ့နီးကပ်လွန်းသည့် အဖြစ်အပျက်ဟာ မှတ်မှတ်ရရ တစ်ကြိမ်ထဲ။ ထိုတစ်ကြိမ်ထဲကပင် မမေ့နိုင်စရာ အမှတ်တရတွေအဖြစ် ကြွင်းကျန်နေသည်။ တစ်ကယ်လဲ ထိုနေ့ညက အိမ်မက်မက်ပါသည်။ အစွဲတစ်ခုအရင်းပြုပြီး မက်သည့်အိမ်မက်မို့ထင်ရဲ့ သူ နေမကောင်းလဲမဖြစ်သလို အဆင်မပြေလဲ မဖြစ်ခဲ့ပါ။ ရယူလိုဖူးသည်။ ပိုင်ဆိုင်လိုဖူးသည်။ ထိုအသက် ငယ်စဉ်ကဖြစ်သည်။ ယခုအသက်တွင်တော့ မရယူလိုတော့။ မပိုင်ဆိုင်လိုတော့။ သို့တိုင် အမှတ်တော့ ရချင်နေသေးသည်။ ပွဲဈေးခင်းထဲက ကိုယ်ကြိုက်မိတဲ့ အရုပ်လေးလို မပိုင်ဆိုင်ခဲ့ရေပေမဲ့ လွမ်းဆွတ်လို့တော့ ရမည်ထင်သည်။ 


အိမ်မက်တစ်ခုအရင်းပြုလို့ တမ်းခြင်းမမည်တဲ့ လွမ်းဆွတ်ခြင်းတွေမှာ သူရော ကိုယ်ပါ နေသားတကျ။ အနည်မထိုင်သေးတဲ့ အတိတ်မှာတော့ ကိုယ်ဟာ ပိတ်မိနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ မသိစိတ်ရဲ့ အနက်ရှိုင်းဆုံးမှာ ပိတ်မိနေဖို့လဲ ကိုယ်တိုင်ရွေးချယ်ထားတာလည်း ဖြစ်နိုင်သည်။ ထိုဆယ်‌ကျော်သက်အရွယ်က အတွေးတွေထဲ ရုန်းမထွက်နိုင်ဖြစ်‌နေသည်ထင်ရဲ့။ အမှန်ကတော့ ရုန်းမထွက်ချင်ခဲ့တာပါ။ နောက်များ သူ့ကို သတိတရရှိမိတဲ့အခါ သူနဲ့ကိုယ် အိမ်မက်မှာ တစ်ခါတွေ့ရဦးမည်လေ။

Comments