တမ်းခြင်းမမည်တဲ့ အိမ်မက်
မမက်တာကြာတဲ့ အိမ်မက်တစ်ခုကို ကာလအတန်ကြာမှ မက်ခဲ့ပြန်သည်။ သူ ပါလာပြန်ပြီ။ ဒီတစ်ခါတော့ သူ ကိုယ့်ကို သတိထားမိဟန်တူသည်။ သူ့အကြည့်တွေက ကိုယ့်ဆီမှာလေ။ အပြင်မှာတော့ ထိုသို့မဟုတ်ခဲ့။ ဒါဟာ သိစိတ်မှာ ကိုယ်ဖြစ်စေချင်ခဲ့တဲ့ ပုံစံ။ သူ့ဘက်က ကိုယ့်ကို ဂရုပြုမိစေချင်ခဲ့သည်။ အပြင်မှာ မျက်နှာချင်းတောင် ဆိုင်ဖို့ ကိုယ့်မှာ မဝံ့မရဲ။ ရင်ခုန်မှုက အတိုင်းအဆမရှိစွာ ကဆုန်ပေါက်နေသည်မဟုတ်လား။ သူဟာ ကိုယ့်အတွက် အမှတ်တရကောင်းတွေရှိတဲ့ အတိတ် အနည်းစုထဲက လွမ်းဆွတ်မှုလေးတစ်ခု။ ထပ်ခါထပ်ခါ ပြန်တွေးရင်တောင် ကြည်နူးမှုက ဆယ်နှစ်ကျာ်ကြာသည့်တိုင် ပျောက်ပျက်မသွား။ အချစ်ဦးမမည်တဲ့ ကိုယ့်အတွက် နာမလေးတစ်ခုက ယနေ့ထက်တိုင် အမှတ်တရအဖြစ် နေရာယူထားဆဲ။ ရင်ခုန်မိတတ်စအရွယ်က အဖြစ်အပျက်လေးက ပြန်လည်တွေးမိတိုင်း မနေ့တစ်နေ့ကလို။ ပညာရှာရင်း ကြင်ယာရှာခဲ့တာ မဟုတ်သည့်တိုင် သူ့ကိုမြင်ခဲ့ရတဲ့ နေ့ရက်တွေက ကိုယ့်အတွက် ငြီးငွေ့စရာ ဘာသာရပ်အချိန်တွေကိုတောင် ပျင်းစရာလို့ မထင်စေခဲ့ဘူး။ ကန္တာရထဲက အိုအေစစ်လေးပေါ့။ ဘယ်အချိန်ပဲ မြင်လိုက်ရ မြင်လိုက်ရ ဝဲ ရင်ဘတ်မှာ လှုပ်ခါမှုက တစ်မိနစ် ၁၂၀ ကျော်မည်ထင်ရဲ့။ ဒါဟာမူမမှန်မှုပေါ့။ ရင်မဆိုင်ရဲလို့ ရှ...